ဂျပန်ဝန်ကြီးချုပ် Ms. Sanae Takaichi အနေဖြင့် ငွေကြေးဖောင်းပွမှုကို ဖြေရှင်းနိုင်မည့် စီးပွားရေးပြန်လည်ကောင်းမွန်စေရေးဆိုင်ရာ စီမံချက်တစ်ခုကို ဖော်ဆောင်နိုင်ရေး ဆောင်ရွက် လျက် ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက်လည်း ဖြည့်စွက်ရန်ပုံငွေတောင်းခံသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါစီးပွားရေးပြန်လည်ကောင်းမွန်စေရေးဆိုင်ရာ စီမံချက်အတွက် ယန်း ၁၀ ထရီလီယံ (အမေရိကန်ဒေါ်လာ ၆၄.၉ ဘီလီယံ) သုံးစွဲသွားမည်ဖြစ်ကြောင်း ၆-၁၁-၂၀၂၅ ရက် နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan PM Takaichi eyes $65bn economic stimulus package” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ၂၁-၁၀-၂၀၂၅ ရက်နေ့၌ ကျင်းပခဲ့သည့် အစိုးရအဖွဲ့သစ်၏ ပထမ အကြိမ် အစည်းအဝေး၌ ဂျပန်ဝန်ကြီးချုပ် Ms. Sanae Takaichi က စီးပွားရေးပြန်လည် ကောင်းမွန်စေရေးဆိုင်ရာ စီမံချက်တစ်ခုကို ရေးဆွဲသွားရန် လမ်းညွှန်ခဲ့ကြောင်းနှင့် စီမံချက်သည် ပြည်သူများ၏ လူမှုဘဝလုံခြုံစေရေး၊ ငွေကြေးဖောင်းပွမှုကို ဖြေရှင်းနိုင်ရေး၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် တိုးတက်မှုရှိနိုင်သည့် ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခြင်းမှတစ်ဆင့် ခိုင်မာအားကောင်းသည့် စီးပွားရေးတစ်ရပ်ဖော်ဆောင်နိုင်ရေး၊ ကာကွယ်ရေးနှင့်သံခင်းတမန်ခင်း ဆိုင်ရာ စွမ်းဆောင်ရည်များ အားကောင်းလာစေရေးအတွက် အလေးထား၍ ရေးဆွဲသွားရန် လမ်းညွှန်ခဲ့ကြောင်း ဖော်ပြထားပါသည်။
လောင်စာဆီအပေါ် ကောက်ခံသည့် အခွန်ကို ဖျက်သိမ်းနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ကာလအတွင်း လောင်စာဆီအပေါ် အစိုးရက ထောက်ပံ့ပေးခြင်း၊ လျှပ်စစ်မီတာခနှင့် ဓာတ်ငွေ့ခများအပေါ် ပေးဆောင်ရမည့် အခွန်များကို အစိုးရမှ ပံ့ပိုးပေးခြင်း၊ အသေးစား၊ အလတ်စား ကုမ္ပဏီများအနေဖြင့် လစာများ တိုးမြှင့်ပေးနိုင်ရေးအတွက် အစိုးရမှ ပံ့ပိုးပေးခြင်း၊ သက်ကြီး ရွယ်အို၊ ကလေးသူငယ်နှင့် မသန်စွမ်းသူများအား ဒေသခံအစိုးရများမှ လွတ်လပ်စွာပံ့ပိုးပေးနိုင် ရေးအတွက် ဗဟိုအစိုးရမှ ဘဏ္ဍာငွေများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။
ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရသည့် ဆေးရုံ၊ ဆေးခန်းများကိုလည်း ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ၂၀၂၆ ဘဏ္ဍာနှစ်မှသာ ရရှိမည့် ဆေးဘက်ဆိုင်ရာ ထောက်ပံ့ကြေးများကို စောင့်ဆိုင်းရမှု မရှိစေရေးအတွက် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ဆေးရုံများအတွက် ထောက်ပံ့ငွေများ ပံ့ပိုးပေးနိုင်ရေးလည်း ဆောင် ရွက်သွားမည်ဖြစ်သည်။
စီးပွားရေးလုံခြုံမှု အားကောင်းစေရေးအတွက် ဉာဏ်ရည်တု၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် နျူကလီးယားစွမ်းအင်ဆိုင်ရာ အဆင့်မြင့်နည်းပညာများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည့် သင်္ဘောတည်ဆောက်ရေးကဏ္ဍ ပြန်လည်အားကောင်းစေမည့် စီမံကိန်းတစ်ရပ်ကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတည် ဆောက်ထားပြီးဖြစ်သည့် သင်္ဘောအရေအတွက်၏ ၂ ဆကို ၂၀၃၅ ပြည့်နှစ်တွင် တည်ဆောက်နိုင်ရေးအတွက်လည်း ရည်မှန်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လည်း အစိုးရဦးဆောင်သည့် ရန်ပုံငွေ ၁ ထရီလီယံယန်း ရရှိရေးအတွက် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအနေ ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။
ဂျပန်နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ စွမ်းဆောင်ရည် အားကောင်းလာစေရေးအတွက် လက်ရှိ ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဂျပန်နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို ပြည်တွင်း အသားတင် ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP) ၏ ၂ ရာခိုင်နှုန်း သုံးစွဲနိုင်ရေး ရည်မှန်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ယခင်က ၂၀၂၇ ဘဏ္ဍာနှစ်မှသာ ၂ ရာခိုင်နှုန်းသုံးစွဲနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်းနှင့် ထိုသို့ တိုးမြှင့်သုံးစွဲနိုင်ရေးအတွက် ဖြည့်စွက်ရန်ပုံငွေအဖြစ် ယန်း ၁ ထရီလီယံ ကျော် လိုအပ်လာမည်ဖြစ်သည်။
ထိရောက်မှုမရှိသည့် လုပ်ငန်းများအတွက် အစိုးရမှ အများအပြားပံ့ပိုးပေးခြင်းနှင့် အခွန်ကင်းလွတ်ခွင့်ပေးခြင်းများကို ပြန်လည်သုံးသပ်သွားရန် အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီနှင့် မိတ်ဖက်ပါတီဖြစ်သည့် တီထွင်ဆန်းသစ်ရေးပါတီတို့အကြား မိတ်ဖက်စာချုပ် ချုပ်ဆိုရာတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်း၊ ထိုသို့ ဆန်းစစ်မှုများမှ ရရှိလာမည့် ဘဏ္ဍာငွေများကို အခမဲ့ အထက်တန်းပညာရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ပံ့ပိုးပေးသွားမည်ဖြစ်သည်။
လတ်တလောနှစ်များတွင် ဂျပန်အစိုးရမှ အထူးအခွန်ကင်းလွတ်ခွင့်ပြုသည့် ပမာဏသည် များပြားလာလျက်ရှိကြောင်းနှင့် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၂.၉ ထရီလီယံယန်းအထိ ရှိခဲ့ကြောင်း၊ လစာတိုးမြှင့်ပေးမှုများနှင့် သုတေသနနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်များ ပေးရခြင်းကြောင့် ဆုံးရှုံးခဲ့သည့် ဘဏ္ဍာငွေမှာ ၂၀၂၃ ဘဏ္ဍာနှစ်တွင် ၁.၇ ထရီလီယံ ယန်းအထိ ရှိခဲ့ကြောင်း သိရှိရသည်။
Source: သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့